ကိုယ်အလေးချိန်ချဖို့ Gym ကစားတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေ
Gym ကစားချင်တဲ့သူတိုင်းကတော့ လာဆော့ရတဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိပြီးသားဖြစ်မှာပါ။ လာဆော့တဲ့သူတွေရဲ့ ၉၀% ဟာ လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားရဖို့၊ လက်ရှိပုံစံကနေ ပြောင်းလဲဖို့၊ ကိုယ်အလေးချိန်ကျဖို့ ဒါမှမဟုတ် တက်ဖို့ဖြစ်ပြီး ကျန်တဲ့ ၁၀% ကတော့ ကျန်းမာရေးကြောင့်၊ အသက်အရွယ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတော့ Gym မကစားခင်မှာ ကိုယ်လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ကို အရင်သိထားဖို့ အရေးကြီးပါတယ်။
အတွေ့များတဲ့ ပြဿနာတစ်ခုကတော့ Gym ကစားပြီဆိုရင် လိုချင်တဲ့ ရလဒ်ကိုမရတာကြောင့် စိတ်ပျက်ပြီး မဆော့ဘဲရပ်လိုက်တာပါ။ လိုချင်တဲ့ရလဒ်ကို ရဖို့ဆိုတာ ပေးဆပ်မှုတွေ၊ အချိန်ကာလတွေ၊ သေချာတိကျတဲ့ Diet Plan တွေကို လိုက်နာဖို့ အလွန်အရေးကြီးပါတယ်။
၁။ လိုချင်တဲ့ရလဒ်ကို ရဖို့ Gym ရဲ့ အရေးပါမှုဟာ ၃၀% သာ ရှိပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူကိုကျန်းမာစေတယ်။ ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲစေတယ်ဆိုတာမှန်ပေမယ့် တကယ်တမ်း အရေးကြီးတာက အစားအစာနဲ့ နေထိုင်မှုပုံစံပါ။ ဒါကို အဓိကမပြောင်းလဲဘဲ စားချင်တာစားမယ်၊ နေချင်သလို နေမယ်၊ ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ Gym ချည်းပဲ ဆော့နေရင်တော့ ဘာမှထူးမှာ မဟုတ်ပါဘူး။
၂။ သိသာမြန်ဆန်တဲ့ ရလဒ်ကို လိုချင်တယ်ဆိုရင်တော့ နည်းပြဆရာ (PT) နဲ့ စနစ်တကျလေ့ကျင့်ဖို့ လိုအပ်ပါတယ်။
PT ကြေးတွေ နှမြောလို့ ကိုယ့်ဖာသာ Standby ဖြစ်နေတဲ့ နည်းပြဆရာတွေရဲ့ နည်းနည်းပါးပါးသင်ပြပေးတဲ့အတိုင်း လုပ်ပြီး ပြန်သွားတာက ကိုယ့်အပိုင်းပါ။ ဒါမှမဟုတ်လည်း ကိုယ်က လေ့ကျင့်ခန်းအကြောင်း သေချာနားလည်တဲ့သူဖြစ်တယ်၊ ကိုယ်ခန္ဓာပြောင်းလဲဖို့မဟုတ်ဘဲ ကျန်းမာရေးအတွက်သာ လာဆော့တာဆိုရင် နည်းပြဆရာ ငှားဖို့မလိုအပ်ပါဘူး။ ဒီလိုမှမဟုတ်ဘဲ အချိန်တိုတိုနဲ့ ကိုယ့်ခန္ဓာကိုယ် ပြောင်းလဲသွားတာ လိုချင်တယ်၊ ကိုယ့်အတွက် သင့်တော်မယ့် စားသောက်နေထိုင်မှုပုံစံကို ညွှန်ပြပေးဖို့ အကူအညီလိုရင်တော့ PT ဆရာ ငှားဖို့ လိုပါမယ်။
၃။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အကြိမ်ရေက အဓိကမကျပါဘူး။
တစ်ရက်ကို ဘယ်နှစ်ကြိမ် မဖြစ်မနေ အလေးမရမယ်၊ ဝိတ်မရမယ်ဆိုတာထက် ကိုယ်က ဘာလေ့ကျင့်ခန်းကို လုပ်ချင်တာလဲ၊ ဘယ်ကြွက်သားကို လေ့ကျင့်ချင်တာလဲပေါ် မူတည်ပြီး စနစ်တကျ အလေးမဖို့နဲ့ အဓိကကြွက်သားကို ညှစ်ဖို့က အလွန်အရေးကြီးပါတယ်။ ကြွက်သားကို မညှစ်ဘဲ အလေးကို အကြိမ်ရေပြည့်အောင်ပဲ မလိုက်တာကတော့ လိုချင်တဲ့ပန်းတိုင်ကို လှမ်းနိုင်ဖို့ နှစ်ပေါင်းများစွာ ဝေးကွာနေဦးမှာပါ။
၄။ အိပ်ချိန်ကို မမေ့ပါနဲ့။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားအမျှင်တွေ ဆုတ်ပြဲပြီး နာကျင်ရောင်ရမ်းခြင်း၊ ကိုက်ခဲတဲ့ဒဏ်တွေ ခံစားရသလို ကြွက်သားမျှင်အသစ်တွေ ထပ်ပြီးထွက်လာဖို့အတွက် အိပ်ချိန်မှန်မှ ဖြစ်မှာပါ။ အိပ်ချိန်မှန်ခြင်းဟာ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတဲ့ နောက်ဆက်တွဲကိုက်ခဲမှုဝေဒနာကို သက်သာစေပြီး ပိုစားလာစေတယ်၊ ကျန်းမာရေးကို ပိုဂရုစိုက်လာစေတယ်၊ လန်းဆန်းတက်ကြွပြီး အားအင်ရှိစေပါတယ်။ ဒါကြောင့် Gym ကစားသူတိုင်း တစ်ရက်ကို ညအိပ်ချိန် အနည်းဆုံး ၇ နာရီရအောင် အိပ်စက်အနားယူပေးဖို့ လိုအပ်ပါတယ်။
၅။ လိုချင်တဲ့ရလဒ်ကို မရလာတဲ့အခါ စိတ်မပျက်ပါနဲ့။ လက်မလျှော့ပါနဲ့။
လူတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အထဲက တည်ဆောက်ပုံတွေ၊ ကယ်လိုရီလောင်ကျွမ်းနှုန်းတွေ၊ ကစားတဲ့အခါ အားစိုက်ထုတ်မှုတွေဟာ မတူညီတဲ့အတွက် တခြားသူက ခဏလေးနဲ့ လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားရသွားရင်တောင် ကိုယ့်အတွက် အချိန်ပိုပေးရနိုင်ပါတယ်။ ဒါကို စိတ်ဓာတ်ကျပြီး မဆော့ဘဲရပ်လိုက်လို့ မရပါဘူး။ Gym ကစားတယ်ဆိုတာ ရေရှည်စီမံကိန်းတစ်ခုပါ။ စိတ်ရှည်သည်းခံမှု၊ ဝီရိယစိုက်ထုတ်မှုမရှိရင် လိုချင်တဲ့ပန်းတိုင်ကို ရောက်ဖို့ ခဲယဉ်းနိုင်ပါတယ်။
၆။ Gym နေ့တိုင်းဆော့ခြင်း၊ မဆော့ခြင်းဟာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။
ကိုယ် Gym စဆော့ပြီဆိုရင် နည်းပြဆရာနဲ့ သေချာတိုင်ပင်ပြီး တစ်ပတ်မှာ Gym ကစားတဲ့ရက် ဘယ်နှစ်ရက်ရှိသင့်လဲ၊ ဘယ်လိုစားသောက်နေထိုင်မှုပုံစံကို လိုက်နာသင့်လဲဆိုတာကို တိုင်ပင်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန် ကျချင်သူများကတော့ လေ့ကျင့်ခန်းလုပ်မယ့်ရက်ကို ပိုတိုးဖို့လိုအပ်ပြီး ဝိတ်တက်ချင်သူတွေဆိုရင် Gym ကစားဖို့ရက်ကို လျှော့ကာ အစားပိုစားဖို့နဲ့ စနစ်တကျ စားသောက်ဖို့ အရေးကြီးပါတယ်။
Gym ကစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အလှအပအတွက်သာမက လူသားတွေရဲ့ နှလုံးကျန်းမာရေး၊ ဦးနှောက်အာရုံကြောစနစ် ကောင်းမွန်ရေး၊ အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းရေး၊ ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ အရွယ်တင်နုပျိုစေပြီး လိင်ပိုင်းဆိုင်ရာမှာ အားစိုက်ထုတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရစေနိုင်တာ မမေ့ပါနဲ့။
ရေးသားသူ - ရဲမျိုးမြတ်